နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဦးဝိစိတ္တာဘိဝံသ(၀ီရသူ) အား အရေးယူရန် တိုင်ကြားစာ အပြည့်အစုံဖတ်ရန်နှိပ်ပါ။

Supporterနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရှေ့နေချုပ် နဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ထံသို့ ပေးပို့မည့် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ - မစိုးရိမ်) ကို တရားဥပဒေအရ အရေးယူဖို့ တိုင်ကြားတဲ့စာနဲ့ တိုင် ကြားမှုကိုထောက်ခံကြောင်း လက်မှတ်ကောက်ယူတဲ့ petition ပါ။    ၀ီရသူ ဖေဖေါ်ဝါရီလအတွင်းက ရေးသားခဲ့တဲ့ ဦးကိုနီနဲ့ ကိုနေ၀င်းကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း ရေးသားချက်များ၊ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ၊ ခြေဥဖျက်သိမ်းလိုသူတွေ သတိထားကြ၊ ကြည်လင်းတွေထွက်လားမှ မဘသကို အဆိုးမဆိုနဲ့ စတဲ့ ရေးသားချက်များဟာ   ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုမြောက်ပါတယ်။ ဒါကို အများက မသိကြသေးပါဘူး။ အစိုးရဘက်ကလည်း ဥပဒေအရ အရေးယူ ခြင်းမရှိသေးပါဘူး။ ဒီလိုဥပဒေအရ အရေးယူခြင်းမရှိသေးတာကြောင့် ရှေ့နေများ၊ ပညာရှင်များ နှင့် အရပ်ဘက်အဖွဲ့အစည်းမှသူများနှင့် ဆွေးနွေးတိုင်ပင်ကာ တိုင်ကြားစာကို ပြင်ဆင်၍ ထောက်ခံ လက်မှတ်ကောက်ယူရခြင်းဖြစ်ပါတယ်။ တိုင်ကြားစာကိုဖတ်ရှု ၊ သဘောတူကြောင်း လက်မှတ်ရေးထိုးပြီး အများသိအောင် ဖြန့်ဝေပေးပါ။ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ရှိ အစိုးရရုံးများသို့ မပို့ခင် အနည်းဆုံး လက်မှတ် ၁၀၀၀၀ လောက် ကောက်ယူရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ (လက်မှတ်ရေးထိုးပုံကို အောက်ဆုံးတွင် ရှုပါ။)
သို့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၈ ၊၃၊၂၀၁၆

အကြောင်းအရာ ။ ။ တရားလွှတ်တော်ရှေ့နေ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥပဒေရေးရာ အကြံပေး ဦးကိုနီ အား လုပ်ကြံမှု နှုင့် အငှားယာဉ်မောင်း ကိုနေ၀င်းအား သတ်မှု ကျူးလွန်သူ ကြည်လင်း နှင့် ပြစ်မှုကျူးလွန်ရန် အားပေးကူညီသူ  ကြံရာပါများအား ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မှ ၎င်းတို့၏ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ချီးကျူးပြောဆိုခြင်း၊ အကြမ်းဖက်မှုအား အားပေးအားမြှောက်ပြုခြင်း နှင့် ပြည်သူများမှ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်/ဖျက်သိမ်းခြင်း မပြုနိုင်ရန် အကြမ်းဖက်မှု ဆန်ဆန် ခြိမ်းခြောက်ခြင်းတို့အား တည်ဆဲဥပဒေအရ အရေးယူပေးပါရန် အသိပေးတိုင်ကြားခြင်း။
၁။      မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မစိုးရိမ်တိုက်သစ် ဓမ္မသဟာရ ကျောင်းနေ ၀င်းခိုင်ဦး (ခ) ၀ီရသူ (မစိုးရိမ်) (ခ) ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသသည် “ ချောင်ကြိုချောင်ကြားက ကြည်လင်းများ” ခေါင်းစဉ်ဖြင့်-
“ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။… …တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ။ ခြေဥဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချေုာင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။”
စသည်ဖြင့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းရန် နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ နှင့် ပုဒ်မ ၄၃၆ တို့အားပြင်ဆင်ရန် ဆန္ဒရှိသော ပြည်သူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဆိုပါ အခြေခံဥပဒေပါပုဒ်မများကို ဒီမိုကရေစီ နည်းလမ်းကျစွာ ပြင်ဆင်ခြင်း/ဖျက်သိမ်းခြင်း မပြုနိုင်စေရန် အကြမ်းဖက် ခြိမ်းခြောက်သည့် သဘောဆောင်သော စာသားများကို ၂၆၊၂၊၂၀၁၇ ရက်စွဲဖြင့် ရေးသားခဲ့ပြီး  ၂၆၊၂၊၂၀၁၇  ရက် ညနေ ၁၀ နာရီ ၃၉  မိနစ် အချိန်တွင် အင်တာနက်စာမျက်နှာလိပ်စာ "https://www.facebook.com/bithuka.gyi"  ရှိ Wira Thu အကောင့်ကို သုံးစွဲ၍ facebook လူမှုကွန်ယက် စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့ပါသည်။
၂။     ၎င်းအပြင် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ မှ “ဘုရားလောင်းထုံး နှလုံးမူလေသလား…”ခေါင်းစဉ်ဖြင့် - 
“တပည့် လိမ္မာ ဆရာအာပတ်လွတ် ဟူဘိသို့ ဆရာတော် သံဃာတော်များ လက်လှမ်း မမှီသော ဘာသာရပ် တခုကို လက်တွေ့အကောင်အထည် ဖော်သောအားဖြင့် အနာဂတ်မှာ ကျရောက်လတံ့သော အန္တရာယ်ကြီးအတွင်းမှ အမိမြန်မာပြည်ကြီးကို စွန့်လွှတ် အနစ်နာခံ ကယ်တင်လိုက်နိုင်သော အဆက်အသွယ်လုံးဝမရှိခဲ့သော မိတ်ဆွေကြီး လေးဦးအား အထူးကျေးဇူးတင်ပါသည်။”
စသည်ဖြင့် အကြမ်းဖက်လုပ်ကြံမှုကို အားပေးသည်သာမက စာရေးသူကိုယ်တိုင် အားထုတ်ရန် စိတ်ဆန္ဒရှိကြောင်းကို သွယ်ဝိုက်၍ ထင်ဟပ်စေသည့် စာသားများကို  ၆၊၃၊၂၀၁၇ နေ့စွဲဖြင့် ရေးသား၍  ၆၊၃၊၂၀၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၂ မိနစ် အချိန်တွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုး တို့၏ ဓာတ်ပုံများနှင့်တကွ Wira Thu အကောင့်ကို သုံးစွဲ၍  Facebook လူမှုကွန်ယက် စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့ပါသည်။
၃။     မြန်မာနိုင်ငံရာဇသတ်ကြီး ဥပဒေ အခန်း (၂၂) ပုဒ်မ ၅၀၃ တွင် -
“မည်သူမဆို၊ တခြားသူ တဦးတယောက်၏ ကိုယ်ကိုသော်လည်းကောင်း၊ ဂုဏ်သရေကို သော်လည်းကောင်း၊ ပစ္စည်းကို သော်လည်းကောင်း၊ နစ်နာစေမည်ဟု ခြိမ်းခြောက်ရာတွင်၊ ထိုသို့ ခြိမ်းခြောက်ခြင်းသည် ထိုသူအား ထိတ်လန့်ခြင်း ဖြစ်စေရန် အကြံဖြင့် ခြိမ်းခြောက်ခြင်း ဖြစ်လျှင်၊ သို့တည်းမဟုတ် ခြိမ်းခြောက်သည့်အတိုင်း ပြုလုပ်ခြင်းခံရမည်ကို ရှောင်ရှားနိုင်ရန် အကြောင်းအဖြစ်ဖြင့် ဥပဒေအရ ပြုလုပ်ရန် တာဝန်မရှိသော ပြုလုပ်မှုကို ထိုသူအား ပြုလုပ်စေရန် အကြံဖြင့် သော်လည်းကောင်း၊ ဥပဒေအရ ပြုလုပ်ပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ထိုသူအား မပြုမလုပ်ပျက်ကွက်စေရန် အကြံဖြင့် သော်လည်းကောင်း ခြိမ်းခြောက်ခြင်းဖြစ်လျှင်၊ ထိုသူသည် ရာဇ၀တ်မကင်းသော ခြောက်လှန့်မှုကို ကျုးလွန်သည်မည်၏” 
ဟုဖွင့်ဆိုထားပါသည်။
၎။     ၎င်းအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း (၁) ၊ ပုဒ်မ ၃ (ခ) တွင်-
“အကြမ်းဖက်မှု ဆိုသည်မှာ အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အောက်ဖော်ပြပါ ပြစ်မှုတစ်ရပ်ရပ်ကို ပြုလုပ်မှုနှင့် ပြုလုပ်ရန် ပျက်ကွက်မှုများကို ဆိုသည်-
… (၁၃) အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကြပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်း မရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် နှင့် အခြားပြုလုပ်မှုများ၊…
…(၁၅) အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ သူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ၀ါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ…” ဟုလည်းကောင်း၊
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း (၁) ပုဒ်မ ၂ တွင်- 
“ဤဥပဒေအရ အောက်ဖော်ပြပါ အကြမ်းဖက်မှုကို ကျူးလွန်သူ၊ ကျူးလွန်ရန် အားထုတ်သူ၊ အားပေးကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်သူများအပေါ် စီရင်ပိုင်ခွင့် ရှိစေရမည်-
(က) မည်သူမဆို နိုင်ငံတော် အတွင်း ကျုးလွန်သည့် အကြမ်းဖက်မှု…” ဟုလည်းကောင်း၊
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း (၁) ပုဒ်မ ၃ (ဗ) တွင်-
“လှုံ့ဆော်မှု ဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခုကို ကျူးလွန်ရေးအတွက် လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မဟုတ် သတင်းအချက်အလက်ကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြန့်ဝေခြင်း၊ အားပေး အားမြှောက်ပြုခြင်း သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းကို ဆိုသည်။”
ဟုလည်းကောင်း ဖွင့်ဆိုထားပါသည်။
၅ ။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်း နေထိုင်ကြသောနိုင်ငံဖြစ်ပြီး "မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်" ရှိသော နိုင်ငံဖြစ်ပါသည်။ ဦးဝိစိတ္တာဘိဝံသ သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ နှင့် ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ရန်လည်းကောင်း ဆန္ဒရှိသော ပြည်သူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဆိုပါ ခြေခံဥပဒေပါပုဒ်မများကို ဒီမိုကရေစီ နည်းလမ်းကျစွာ ပြင်ဆင်ြခင်း/ဖျက်သိမ်းခြင်း ပြုရန်အလို့ငှာ အားမထုတ်နိုင်ကြစေရန် အကြမ်းဖက်ခြိမ်းခြောက်သည့် သဘောဆောင်သော စာသားများကို လည်းကောင်း၊ အကြမ်းဖက်မှုကို အားပေးအားမြှောက် ပြုသည့်စာသားများကို လည်းကောင်း ရေးသားခဲ့ပါသည်။ ၎င်းရေးသားချက်များ သည် ပြည်သူများ၏ စိတ်နှလုံးတွင် ထိတ်လန့် ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်စေသည်သာမက နိုင်ငံတော် တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေး ကိုထိခိုက်စေသည့်အပြင် ပြည်သူများအား ဖွဲ့စည်းပုံ ပြင်ဆင်ြ်ခင်း၊ ဖျက်သိမ်းခြင်း စသော နိုင်ငံသားများ၏ အခန်းကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ခြင်း မပြုနိုင်ရန် အဟန့်အတား ဖြစ်စေပါသည်။ သို့ပါ၍ ဦးဝိစိတ္တာဘိဝံသ၏ ရေးသားမှုများသည် မြန်မာနိုင်ငံရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၃ အရ ခြိမ်းခြောက်မှု နှင့် အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ အကြမ်းဖက်မှု မြောက်သည်သာမက ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေးကို အနှောက်အယှက်ဖြစ်စေပြီး  လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ခြိမ်းခြောက်နေပါသည်။
 ၆။     နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၂ (ခ) တွင် “ နိုင်ငံတော်သည် တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်” ဟုလည်းကောင်း၊ အခန်း (၅) ပုဒ်မ ၂၁၉  တွင် “ ပြည်ထောင်စု အစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်” ဟုလည်းကောင်း ပါရှိပါသည်။
၇။     ၎င်းအပြင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၈) ပုဒ်မ ၃၄၇ တွင် “ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟုလည်းကောင်း၊ အခန်း (၈) ပုဒ်မ ၃၅၃ တွင် နိုင်ငံတော်သည် “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး၊ အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှူံးမှုမရှိစေရ” ဟုလည်းကောင်း ပါရှိပါသည်။
၈။    ဤသည်သာမက ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ အခန်း (၁)  ပုဒ်မ ၂ (ဂ) တွင် " နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်နိုင်ခွင့် နှင့် လွတ်လပ်စွာပြောဆိုခွင့်" ဟု အဓိပ္ဗါယ်ဖွင့်ဆိုထားပြီး အခန်း (၂) ပုဒ်မ ၃ တွင် -
" နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု အပြည့်အ၀ ရရှိခံစားခွင့်ရှိသည်" ဟုလည်းကောင်း၊
အခန်း (၃) ပုဒ်မ ၅ (က) တွင် -
"သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်" ဟုလည်းကောင်း၊
 အခန်း (၃) ပုဒ်မ ၆ တွင် -
"သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားချက်ကို လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်" ဟုလည်းကောင်း ပါရှိပါသည်။
၉ ။      ၎င်းအပြင် မြန်မာနိုင်ငံရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၆၆ တွင်-
" ပြည်သူ့ဝန်ထမ်း ဖြစ်သူသည် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ ညွှန်ကြားချက်ကို ဖီဆန်ခြင်းဖြင့်၊ တဦးတယောက်သောသူအား နစ်နာစေရန် အကြံနှင့်သော်လည်းကောင်း၊ နစ်နာစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုဥပဒေ ညွှန်ကြားချက်ကိုသိလျက်နှင့် ဖီဆန်လျှင်" ပြစ်မှုကျူးလွန်ရာ ရောက်သည်ဟု ပါရှိပါသည်။
၁၀။   ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ အခန်း (၃) ပုဒ်မ ၁၂ (က) နှင့် ပုဒ်မ ၁၂ (စ)  တို့တွင် “ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခြင်း” နှင့် " ပြစ်မှုဆိုင်ရာအမှုများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့ခြင်း" တို့ကို ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန်များအဖြစ် အသီးသီး ဖော်ပြထားပြီး၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ အခန်း (၄) ပုဒ်မ ၂၆ (က) နှင့် ပုဒ်မ ၂၆ (င) တို့တွင် “သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်၏ တာဝန်များကိုထမ်းဆောင်ခြင်း” နှင့် " ပြစ်မှုဆိုင်ရာအမှုများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့ခြင်း" တို့ကို တိုင်းဒေသကြီး ဥပဒေချုပ်တို့၏ တာဝန်များအဖြစ် အသီးသီး ဖော်ပြထားပါသည်။
၁၁။   နိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေ အခန်း (၅) ပုဒ်မ ၂၅၀ တွင် "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်" ဟုပါရှိပါသည်။
၁၂။   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ အခန်း (၄) ပုဒ်မ ၅ (ဂ) တွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် “ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊… …ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး” စသော နိုင်ငံတော်၏ “ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်" ဟုပါရှိပါသည်။
၁၃။   သို့ပါ၍ မြန်မာနိုင်ငံရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၃ အရ ခြိမ်းခြောက်မှု နှင့် အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ အကြမ်းဖက်မှု မြောက်သည်သာမက နိုင်ငံတော်၏ မူဝါဒများဖြစ်ကြသော ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ကိုပါ ထိပါးစေနိုင်သော ရေးသားမှုများကို ရေးသားသူ ဦးဝိစိတ္တာဘိဝံသ အား ပြည်ထောင်စု ရှေ့နေချုပ်၊ သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော်သံဃမဟာနာယက၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်တို့နှင့် ဆက်သွယ်ဆောင်ရွက်၍ ထိရောက်စွာ အရေးယူပေးပါရန် အသိပေးတိုင်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသူများကိုယ်စား

မိတ္တူ ကို -  
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ
    ပြည်ထောင်စု ရှေ့နေချုပ်
    သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဒုတိယဥက္ကဌဆရာတော်
    မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်
    မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်
    သာသနာရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် 
    မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး
    မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်
    မဟာအောင်မြေမြို့နယ်တိုင်းဒေသကြီးသံဃနာယကအဖွဲ့  ဥက္ကဌဆရာတော်
..................................................................................................
ဆက်သွယ်ရန် -
Htuu Lou Rae
Campaign Coordinator

ဖုန်း/ Viber: +639290849011
Email: hrae@master.upeace.org
Skype: htuulourae
..................................................................................................
Petition လက်မှတ်ရေးထိုးပုံအဆင့်ဆင့်
လက်မှတ် ထိုးသူရဲ့ အမည်အရင်းအပြင် မှတ်ပုံတင် ဓာတ်ပုံ၊ အမျိုးသားမှတ်ပုံတင် နံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံ မပါရင် အစိုးရရုံးများက လက်မှတ်များကို လက်မခံတတ်တာကြောင့် ကျေးဇူးပြုပြီး ဖြစ်နိုင်မယ်ဆိုရင်-

(၁) လက်မှတ်ထိုးတဲ့နေရာ ညာဘက်ချမ်းတွင် First Name နေရာမှာ နာမည်ရင်းဖြည့်ပြီး
(၂) Last Name နေရာမှာ မှတ်ပုံတင် နံပါတ်ဖြည့်ပေးပါ
(၃) Your City နေရာမှာ နေရပ်လိပ်စာ အပြည့်အစုံ ဖြည့်ပေးပါ
(၄) နာမည်အပါအ၀င် အချက်အလက်တွေကို private (လျှို့ ဝှက်ထား) ချင်လျှင် Sign ဆိုတဲ့ အနီရောင် ခလုပ်ကလေးကို မနှိပ်ခင် သူ့အောက်က Display my name and comment on this petition ဆိုတဲ့ box လေးကို အမှန်မခြစ်ပဲ ထားလိုက်ရုံ (uncheck လုပ်ရုံ) ပါပဲ။


လက်မှတ်ထိုးသူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။
This petition will be delivered to:
  • State Counsellor, Republic of the Union of Myanmar
  • President, Republic of the Union of Myanmar
  • Attorney-General of the Union, Republic of the Union of Myanmar
Powered by Blogger.