တန်ဖိုးဆိုတာ တေးမူနားလည်ပါပြီ အတောင်းရယ် *အထွေထွေဗဟုသုတ*
တန်ဖိုးဆိုတာ တေးမူနားလည်ပါပြီ အတောင်းရယ်
********************************************
" တေးမူ ဒီနွေ ကရင်စာသင်တဲ့အခါ တေးမူလည်း တက်ပါနော် "
" ဟာ အတောင်းကလည်း စိတ်မပါဘူးလေ ကရင်စာသင်ရတာ "
" စိတ်မပါလို့မရဘူးလေ ကိုယ်က ကရင်လေကွယ် ကိုယ့်စာကို သင်ရမှာပေါ့ "
" မသင်ရင်ကော ဘာဖြစ်မှာမို့လဲ "
" မသင်ရင်တော့ ကိုယ့်စာပေကို မမြတ်နိုးရာ မချစ်ရာ ရောက်မှာပေါ့ တေးမူရဲ့ "
" မသင်ချင်ပါဘူးအတောင်းရယ် ကရင်စာက ကိုယ့်စာဆိုပေမဲ့ ဘာမှအသုံးချလို့မရတာ ဗမာစာတွေသင်တာ အင်္ဂလိပ်စာတွေ သင်တယ်ဆိုတာ ကိုယ့်အတွက်အသုံးချလို့ရသေးတယ် ထမင်းစားလို့ ရသေးတယ် "
" ဟူး ခက်ပါလားတေးမူရယ် " ရင်မောစွာ သက်ပြင်းချမိပြီမှ အတွေးလေးရလာတာနဲ့
" အော် တေးမူ လက်ပတ်နာရီလှလှလေး လိုချင်တယ်မဟုတ်လား တေးမူကရင်စာသင်ရင် အတောင်းဝယ်ပေးမယ်လေ "
" အင်း ဒါဆိုရင်တော့ တေးမူနည်းနည်း စိတ်ဝင်စားသွားပြီ အတောင်းက တကယ်ဝယ်ပေးမှာမို့လား "
" တကယ်ဝယ်ပေးမှာပေါ့ တေးမူရဲ့ တေးမူရဲ့ ဖြူဖြူ နုနုလက်ကောက်ဝတ်လေးကို နာရီလေးနဲ့ အလှဆင်လိုက်ရင် လက်ကလေးက ပိုပြီ ချစ်စရာကောင်း နေမှာပေါ့တေးမူရဲ့ "
အင်း ဒါဆိုတက်မယ် ခုထဲက ဝယ်ထားပေး
" အဲ "
" ဟင် ကြည့် ဘာ အဲ လည်း လူကိုညာတာ မဟုတ်ဘူးလား "
" မညာဘူးလေ ကရင်စာသင်တဲ့အခါကျ ဝယ်ပေးမယ်လေ "
" ဟင့်အင်းမရဘူး အတောင်းတကယ်ဝယ်ပေးမယ်ဆို ခုဝယ်ပေး တေးမူကရင်စာသင်မယ် "
" အေး ဒီလိုဆို နောက်ရက်ကျ အတောင်းဝယ်ပေးမယ်နော် "
ဝေး ဒါတွေကြောင့် အတောင်းကို ချစ်ရတာ သိလား
" ဟာ "
တေးမူက နာရီရမည်ဆို၍ ဝမ်းသာအားရပင် ကျတော်ပါးနှစ်ဖက်ကို လိမ်ဆွဲပြီ ထွက်ပြေးသွားလေသည်။
ပါးစပ်ကလည်း ပြောလိုက်သေးသည် ဒါတွေကြောင့် အတောင်းကို ချစ်ရတာတဲ့
သြ အပြစ်ကင်းစင်လိုက်တဲ့ တေးမူရယ်
ကရင်စာမသင်ချင်သော တေးမူသည် နာရီလှလှလေးတစ်လုံးရလာ၍ ကတိအတိုင်းပင် ကရင်စာကို သင်ခဲ့ပါသည်။ဝတ်ကျေတန်းကျေ သင်ကြားခြင်းမဟုတ်ပဲ တကယ်ပင် စိတ်ပါလက်ပါသင်ကြားခဲ့သဖြင့် စာစီစာကုံးတွင် ပထမဆုကိုပင် တေးမူ ရရှိခဲ့လေသည်။
ထိုစဉ်က တေးမူ ၈တန်းကျောင်းသူဘဝ
တေးမူဆယ်တန်းဖြေပြီသောအခါ ရွာလူကြီးများ၏ဦးဆောင်မှုဖြင့် ကျေးရွာတွင် ကရင်ဒုံးဖြစ်ပေါ်လာစေရန် နွေရာသီတွင် ကရင်ဒုံးအကကို ဆရာခေါ်ကာ သင်လေသည်။
ထိုဒုံးသင်ရာတွင် တေးမူကိုလည်း ကတတ်စေချင်ပြန်သည်။သို့သော် တေးမူကို ဘယ်လိုပြောပြောနားမဝင် လုံးဝမကနိုင်ဟုသာ ငြင်းလေသည်။ သူငယ်ချင်းတွေကလည်း လာခေါ်သည် ကျတော်ကလည်း တိုက်တွန်းသည်မရ
တစ်နေ့တော့ တေးမူကို ကရင်ဒုံးကဖို့ ကျတော်ထပ်တိုက်တွန်းမိပြန်သည်။
" တေးမူ ဒုံးကပါလားကွယ် တေးမူဒုံးကရင် တအားလှမှာပဲသိလား လက်ချောင်းလေးတွေကလည်းသွယ် ခန္ဓာကိုယ်အချိုးအဆစ်တွေကလည်း ပြေပြစ်နေတာ တေးမူဒုံးဝင်ကပါနော် "
" အတောင်းကလည်း တေးမူစိတ်မပါဘူးဆို အတင်းကခိုင်းပြန်ပြီ ကလို့မှားရင်လည်း သူများတွေက ရယ်ကြအုံးမှာ ကဲ့ရဲ့ကြအုံးမှာ တေးမူကိုသူများတွေလှောင်ပြောင်တာ ကဲ့ရဲ့တာကို အတောင်းက မြင်ချင်လို့လား "
" အဲ ဘယ်သူက တေးမူကိုကဲ့ရဲ့မှာတုန်း ဒီမှာကမဲ့လူတိုင်းက ခုမှတေးမူလိုစကကြမှာ ဘယ်သူမှတေးမူကို မလှောင်ပါဘူး မကဲ့ရဲ့ပါဘူး တေးမူဝင်ကနော် "
" ဟင် ဒါနဲ့ အတောင်းကို တစ်ခုလောက်မေးချင်တယ် ဘာလို့တေးမူကို အတင်းဝင်ကစေချင်တာလဲ "
" ဒုံးအကဆိုတာ ကိုယ့်ရဲ့ယဉ်ကျေးမှု ဖြစ်လို့ပေါ့တေးမူရယ် နောက်ဒုံးကပြီဆိုရင် အကျိုးတွေလည်း အများကြီးရနိုင်တယ်လေ "
" ပြောပါအုံးအတောင်းရဲ့ ဒုံးကလို့ ဘယ်လိုအကျိုးတွေရနိုင်လဲ "
ဒုံးကတယ်ဆိုတာ စုပေါင်းကရတယ် တေးမူ တစ်ယောက်ထဲမကကျဘူး စုပေါင်းကတဲ့အခါ အားလုံးက ညီနေမှ ဒုံးဟာ လှပကောင်းမွန်တဲ့ ဒုံးဖြစ်တယ် လက်တွေခြေတွေမညီရင် ကြည့်လို့လဲ မလှဘူး ဒီလိုစုပေါင်းကတော့ တစ်ဦးနဲ့တစ်ဦးကြားမှာရင်းနီးမှုတွေ ပိုလာတယ် မောင်နှမသံယောဇဉ်တွေ ဖြစ်လာတယ် တစ်ယောက်ကိုတစ်ယောက်ကူညီလာကြတယ် ဖေးမလာကြတယ် ပိုပြီစည်းလုံးလာကြတယ်လေ
ဒီလိုစည်းလုံးလာတဲ့အခါ ကိုယ့်ကျေးရွာကလည်း တိုးတက်လာတာပေါ့ ဒီတော့ ပထမအချက်ရနိုင်တဲ့ အကျိုးက စည်းလုံးမှုအားကောင်းလာပြီ ကျေးရွာတိုးတက်ဖို့ အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အကျိုးပဲ "
" ဒုံးကတာနဲ့ ကျေးရွာတိုးတက်လာရောလား "
" ချက်ချင်းကြီးမတိုးတက်ပေမဲ့ တိုးတက်ခြင်းရဲ့ လမ်းစဖြစ်တာပေါ့တေးမူ ပညာရှင် ပညာရှိတွေ ဆိုဆုံးမထားတာရှိတယ်လေ ရွာတစ်ရွာ အဖွဲ့တစ်ဖွဲ့ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဟာ ဒီရွာ ဒီအဖွဲ့ရဲ့ ဘယ်လောက်ညီညွတ်ပြီ စည်းလုံးမှုရှိတယ်ဆို ကြည့်ရမယ်တဲ့လေ "
" ဒုတိယအချက်ကကော "
" ဒုတိယအချက်က ကျန်းမာရေးကောင်းပြီ အလှတွေ တိုးလာတာပေါ့ "
" လုပ်ပြီအတောင်းကတော့ မဖြစ်နိုင်တာတွေကို "
" အဟုတ်ပြောတာတေးမူရဲ့ ဒုံးကပြီဆိုတာနဲ့ ခေါင်း ခါး လက် ခြေ အကုန်အစုံအသုံးပြုရတာ တစ်ကိုယ်လုံးအသုံးပြုရတာလေ မျက်နှာကအစပေါ့ ခေါင်းဆို ချိုးရတယ် မျက်နှာကို ရွှင်ရွှင်ပြပြထားရတယ် နှုတ်ခမ်းလေးတွေကပြုံးပြုံးလေး နေရတယ် ခါးကိုလည်း ချိုးရတယ် လက်တွေ ခြေတွေလည်း လှုပ်ရှားရတယ် ဒူးလည်းညွတ်ရတယ် ထိုင်ပြီကတဲ့အခါဆိုလည်း စပရိန်လေး ထည့်ရတယ် "
" ဟင် ဘယ်ကစပရိန်လည်း "
" စပရိန်ဆိုတာ ကြွကြွရွရွ ကတယ်ကို ပြောတာ ဒီလိုအစုံအလင်လုပ်ရှားရတော့ သွေးခုန်းနှုန်းတွေ လည်ပတ်မှုအားကောင်းလာပြီ သွေးလေစီးဆင်းမှု ကောင်းလာတယ် နှလုံးကို အားဖြည့်စေတယ် စိတ်ကအမြဲကြည်ကြည်လင်လင်ထားရတော့ စိတ်ပျိုတော့ ကိုယ်နုဆိုသလို အရွယ်လည်းတင်တာပေါ့ တေးမူရဲ့ "
" နောက်ဘာကျန်သေးလဲအတောင်း "
" ကျန်တာပေါ့အများကြီး ဒုံးကတယ်ဆိုတာ သတ္တိလည်း အပြည့်အဝရှိရတယ် ဇွဲလည်းရှိရတယ် အပင်ပမ်းလည်း ခံနိုင်ရတယ် ဒါတွေအားလုံးကျော်ပြီ ဒုံးကိုကျေကျညက်ညက် ကတတ်သွားပြီဆို အဲဒီဒုံးကတတ်တဲ့သူတွေက သူများထက် စိတ်ဓာတ်တွေ ပိုခိုင်မာလာတတ်တယ် ဇွဲပိုကြီးလာတတ်တယ် ပိုပြီအပင်ပမ်းခံနိုင်တယ်လေ
ဒါမို့တေးမူကိုဝင်ကစေချင်တာပေါ့ တေးမူကမယ်မဟုတ်လားဟင် "
" ဟင့်အင်း ဝင်မကပါဘူး ရှက်တယ် သူများကြည့်မှာ "
ဝင်ကပါတေးမူရဲ့ ဒါက ကိုယ့်ယဉ်ကျေးမှုကို ထိမ်းသိမ်းတာလေ ဝင်ကနော် တေးမူဝင်ကရင် တေးမူလိုချင်တဲ့ ဖုန်းကိုဝယ်ပေးမယ်လေ "
" အာတကယ်လား တကယ်ဝယ်ပေးမှာလား တောင်း တေးမူလိုချင်တာ အိုင်ဖုန်းနော် "
" အင်း ဝယ်ပေးမယ်ကွာ တေးမူတကယ်ကမယ်ဆို "
" ဒါဆိုကမယ် အတောင်းကတိနော် ဝယ်ပေးဖြစ်အောင် ဝယ်ပေးရမှာနော် "
" ကတိပေးပါတယ် တေးမူရယ် တေးမူဒုံးစကတာနဲ့ အတောင်းဝယ်ပေးပါမယ် "
" ဝေး ဒါမို့အတောင်းကို ချစ်ရအားကိုးရတာသိလား "
" အဲ ဒီအရူးမတော့ "
တေးမူသည် ဆယ်တန်းပင်ဖြေပြီသော်လည်း ကလေးတစ်ဦးနှယ် သူလိုချင်သော ဖုန်းကိုရမည်ဆို၍ ဝမ်းသာအားရပင် ကျတော်၏ပါးပြင်တစ်ဖက်အား ရုတ်တရက်နမ်း၍ ထွက်ပြေးသွားလေသည်။
" ခက်လှပါဘိတေးမူရယ် ခုထိ ကလေးစိတ်မကုန်သေးပါလားကွယ် "
ဖုန်းလိုချင်သောစိတ်ဖြင့် တေးမူတစ်ယောက် ဒုံးကိုဝင်ကခဲ့လေသည်။တေးမူသည် မလုပ်လျှင်အရှင်း လုပ်လျှင်လည်း မဖြစ်ဖြစ်အောင် လုပ်တတ်အားထုတ်တတ်သော ဥာဏ်ရှိလေရာ ဒုံးကသောအခါ ယဓညာ ဟုခေါ်သော ပဏာမ တက်ကရသည့်အထိပင် ဒုံးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့လေသည်။
တေးမူ ဒုံး၂နှစ်ကပြီနောက် စင်္ဂပူမှာရှိသောအဒေါ်က စင်္ဂပူသို့တက်လာရန်လှမ်းမှာရာ တေးမူတစ်ယောက် စင်္ဂပူသို့ ထွက်သွားလေသည်။
တေးမူမရှိသောအချိန်တွင် ကျတော်အတွက် အထီးကျန်လှပါသည်။မောင်နှမဆိုသော်လည်း အရာရာသည် လွမ်းမောဖွယ်ရာ ဖြစ်နေလေတော့သည်။
ရက်တွေလည်းတစ်ရက်ပြီတစ်ရက် လတွေလည်း တစ်လပြီတစ်လ
နှစ်တွေလည်း ၁နှစ် ၂နှစ် ကုန်ဆုံးချိန် သုံးနှစ်မြောက်သော နေ့တစ်နေ့တွင်
ကွမ်းခြံထဲတွင်ကွမ်းရေတင်နေသော ကျတော်ထံသို့ ကရင်သင်တိုင်းဖြူလေးဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး လှမ်းလာသည်ကို တွေ့လိုက်ရသည်။
ဘယ်သူဘယ်ဝါမှန်းမသိတွေးနေတုန်း
" အတောင်း တေးမူကို မမှတ်မိတော့ဘူးလား " ဟူသော အသံလေးက မိန်းကလေး၏နှုတ်ဖြားမှ ထွက်လာသောအခါ ကျတော်မှာ ဝမ်းသာအံ့သြမှင်သက်သွားမိသည့်ထိ ဝမ်းသာလုံးစို့သွားရလေသည်။
လက်ထဲတွင်ကိုင်ထားသော ပိုက်လုံးကို ပစ်ချလျှက် တေးမူဆီသို့ အပြေးနှင်ကာ
" တေးမူ တေးမူ ပြန်လာပြီး လှလာလိုက်တာ တေးမူရယ် ချောလာလိုက်တာ "
" အတောင်းပျော်လား "
" ပျော်တာပေါ့ ပျော်လည်းပျော်တယ် ထူးလည်းထူးဆန်းနေတယ် "
" ဘာတွေထူးဆန်းလို့လည်း အတောင်းရဲ့ "
" ကရင်အကျီ င်္လေးနဲ့မို့ ထူးဆန်းနေတယ် ပြောတာ "
" ဟင်း ဟင်း ဒါလား အတောင်းကိုပြောဖို့ မေ့နေတာ တေးမူပြန်လာတာလေ အဝတ်အစားတွေ အများကြီးပါလာတာ သိလား အဲဒီအဝတ်အစားအားလုံးက ကရင်အဝတ်အထည်ကြီးပဲအတောင်း "
" ဟာ " ကျတော်ဘာပြောရမှန်းမသိ၍ ဟာ တစ်လုံးထဲ နှုတ်ဖြားမှ ထွက်သွားတော့သည်
"လာအတောင်း အိမ်ကိုပြန်ကြမယ် အတောင်းအတွက်လည်း လက်ဆောင်တွေပါလာတယ် " ဟု တေးမူကပြောပြီ ကျတော်လက်မောင်းကို တွဲကာ အိမ်ကိုပြန်လာခဲ့ကြသည်။
ကျတော်မှာ အံ့သြမှုများစွာ ဘာစကားမှ မပြောနိုင်ရှာပဲ ကျောက်ဆစ်ရုပ်ပမာ တေးမူဦးဆောင်ရာသို့ လိုက်ပါလာလေသည်။
အိမ်ရောက်တော့
" ဒါအတောင်းအတွက်လက်ဆောင် ဖွင့်ကြည့်လိုက်အုံး " ဟု ပြောသဖြင့် ကျတော်ဖွင့်ကြည့်လိုက်ရာ ယောင်္ကျားပတ် နာရီတစ်လုံးနှင့် အိုင်ဖုန်းတစ်လုံးဖြစ်နေသည်ကိုတွေ့ရသည်။
" အတောင်းမှတ်မိသေးလားဟင် ကရင်စာမသင်ချင်တဲ့တေးမူကို ကရင်စာသင်ဖို့ဆိုပြီနာရီဝယ်ပေးပြီ ကရင်စာကို သင်စေခဲ့တာလေ
ဒုံးမကချင်တဲ့တေးမူကို ဒုံးကအောင်ဆိုပြီ အိုင်ဖုန်းဝယ်ပေးခဲ့တာလေ အဲဒီတုန်းက နာရီလိုချင်တဲ့စိတ် အိုင်ဖုန်းလိုချင်တဲ့စိတ်နဲ့ ကရင်စာတွေသင်ခဲ့ ဒုံးတွေကခဲ့ပေမဲ့ အတောင်းအတွက် ဘယ်လောက်ထိ ခက်ခဲနေခဲ့မယ်ဆိုတာကို တေးမူမတွေးမိခဲ့ဘူးနော်
တေးမူစင်္ဂပူရောက်သွားလို့ သုံးလလောက်အကြာ မြို့ထဲသွားရင်း ပန်းခြံလေးတစ်ခုမှာ ကရင်အကျီ င်္ဝတ်ထားတဲ့ လူလေး ငါး ဆယ်ယောက်က ဝိုင်းဖွဲ့ပြီ ထိုင်နေတာတွေ့လိုက်လို့သူတို့ ဘာလုပ်သလဲ သိချင်စိတ်နဲ့ သူတို့ဘေးနားမယောင်မလယ် သွားကြည့်မိတော့ အတောင်းရယ်
သူတို့တွေ ရှေ့မှာစာအုပ်တွေချ ဖုန်းပေါ်မှာ သူများတင်ထားတဲ့ ကရင်စာတွေကို ကြည့်လိုက် ကူးရေးလိုက်နဲ့ကရင်စာကို လေ့လာနေကြတာ တွေ့ရတော့ ရင်ထဲတစ်မျိုးကြီးခံစားသွားရတာပေါ့
ဒါနဲ့ တေးမူလည်း ကရင်အချင်းချင်းပဲဆိုပြီ သူတို့အဖွဲ့ထဲကို ဝင်ပြီ ကရင်လို နှုတ်ဆက်တဲ့အခါ တစ်ယောက်ကပြန်ပြောတယ် ငါတို့အားလုံးက အကုန်ကရင်စကားမပြောတတ်ဘူး နားမလည်ဘူး ငါရယ် သူရယ် နှစ်ယောက်ထဲနားလည်တာ သူတို့တွေက ကရင်ပေမဲ့ နားမလည်ကြဘူးတဲ့လေ
သူတို့တွေနဲ့ စကားပြောရင်း
သူတို့က " ငါတို့မြန်မာနိုင်ငံမှာနေတုန်းက ကရင်ဆိုတာဘာမှန်းမသိဘူး ကိုယ်ကရင်ဖြစ်တာကိုလည်း တန်ဖိုးထားရမှန်းမသိဘူး ကိုယ့်စာပေကို သင်ကြားရမှာကိုလည်း အလေးမထားခဲ့ဘူး သူများနိုင်ငံရောင်လာမှ ကရင်ဆိုတာနဲ့ အရေးပေးခံရတာ ကရင်စကားကြားချင်လို့ပြောခိုင်းတာ ကရင်စာတတ်လားလို့အမေးခံရတော့မှ ကိုယ်ကရင်ဖြစ်ရတာကို ဂုဏ်ယူရမှန်းမသိ ကိုယ့်စာသင်ရမှန်းမသိ ကိုယ့်စကားပြောရမှန်း မသိခဲ့တာတွေ အတွက်ရှက်ပြီ နောင်တရမိလို့လေ ခုဒို့တွေ ဆယ့်ငါးရက်တစ်ခါစုပြီ ဒီမှာ ကရင်စာတွေ ကရင်စကားတွေ လေ့လာနေကြတာလို့ ပြောတယ် အတောင်းရယ်
အဲဒီတော့မှလေ အတောင်းရဲ့စေတနာတွေကို တေးမူနားလည်လာမိခဲ့တာပါ ခွင့်လွတ်ပါအတောင်းရယ် တေးမူအပေါ်ထားခဲ့တဲ့အတောင်းရဲ့စေတနာတွေကို တေးမူပြန်ဆပ်နိုင်ဖို့လေ စင်္ဂပူမှာနေတဲ့အချိန်အတွင်း ကိုယ့်အမျိုးတွေကို ကရင်စာသင်ပေးခဲ့တယ် စင်္ဂပူမှာကျင်းပလေ့ရှိတဲ့ ကရင်နှစ်သစ်အခန်းအနားတွေ လက်ချည်ပွဲတွေမှာ ကရင်ဒုံးအကတွေ ကနိုင်ဖို့ သူတို့တွေကို တေးမူ ယဉ်ကျေးမှုဒုံးအကတွေကို သင်ပေးခဲ့တယ် အတောင်းရယ်
တန်ဖိုးဆိုတာ ရှားပါးတဲ့အခါမှသိတာတဲ့ နိုင်ငံခြားမှာနေတဲ့ရက်တွေများလာလေ ကိုယ်ကရင်ဖြစ်ရတာ ဂုဏ်ရမှန်းသိလာလေ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ်စာပေတွေကို တန်ဖိုးထားချစ်မြတ်နိုးရမှန်းနားလည်လာလေပဲ အတောင်းရယ်
အဲဒီချိန်ကစပြီ တေးမူ ကရင်အဝတ်အစားတွေပဲ ဝတ်လာခဲ့သလို ခုပြန်လာတဲ့အချိန်မှာလည်း နာရီ အိုင်ဖုန်းကိုဝယ်ပေးပြီ ကရင်စာ ဒုံးအကတွေကို တတ်စေသင်စေခဲ့တဲ့အတောင်းကို အမှတ်တရအနေနဲ့ နာရီနဲ့အိုင်ဖုန်းကို အတောင်းအတွက် ပြန်ဝယ်လာခဲ့ပေးတာပါအတောင်းရယ်
တေးမူသည် စကားပြောရင်းပြောရင်း အသံတွေတိမ်ပြီ ပါးပြင်ပေါ်မျက်ရည်ရွဲနေသလို
အိုး ကျတော်ပါးပြင်မှာကောကွယ်
ဘယ်တုန်းကမျက်ရည်တွေ စီးဆင်းနေခဲ့ပါလိမ့်
အမျိုးများအားလုံး ကိုယ့်တန်ဖိုးကို ကိုယ်သိနိုင်သူများ ဖြစ်ပါစေကြောင်း ဆန္ဒပြုလျှက်